That Obscure Object of Desire
19432ပထမဆုံးပြောချင်တာက Rating တွေကိုကြည့်လိုက်တာနဲ့ အောက်ကဘာဘာညာညာ ဘာအညွှန်းမှမဖတ်ဘဲ ဇာတ်ကားကို အရင်ဆုံး ကြည့်သင့်နေပြီလို့ အကြံပြုပါရစေ။ အညွှန်းမဖတ်ဘဲ ဇာတ်ကားကို အရင်ဆုံးကြည့်လိုက်တာက ဒါရိုက်တာက ပေးချင်တဲ့ရသကို အရိုးသားဆုံးခံစားရဖို့ရှိပြီး အညွှန်းဖတ်လိုက်ရင်တော့ ကျွန်တော့်ရဲ့ဘက်လိုက်မှုအရိပ်အယောင်တွေ ကိုယ်ပိုင်ခံစားချက်အရိပ်တွေ စွန်းထင်သွားနိုင်ပါတယ်။
ဒီဇာတ်ကားက ပြင်သစ်-စပိန်ဇာတ်ကားပါ…မင်းသားက Fernando Rey ဖြစ်ပြီး မင်းသမီးကတော့ Bond Girls တွေထဲကတစ်ယောက်ဖြစ်တဲ့ Carole Bouquet နဲ့ Ángela Molina တို့ဖြစ်ပါတယ်..အားလုံးကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီးတွေပါပဲ။
ဒါရိုက်တာက Luis Buñuel ဖြစ်ပြီး သူနဲ့ပတ်သက်ပြီး အထူးသတိပေးထားလိုတာကတော့ သူရိုက်သမျှဇာတ်ကားတိုင်း နားလည်ရခက်တယ်ဆိုပြီး နာမည်တစ်လုံးနဲ့နေတာပါပဲ….ကံကောင်းတာက ဒီဇာတ်ကားမှာ သိပ်ပြီး ပညာစွမ်းမပြဘဲ ဖန်တီးထားသလို ဒီဇာတ်ကားဟာလဲ သူ့ဘဝရဲ့နောက်ဆုံးကားပါ..ဒီဇာတ်ကားရိုက်ပြီး ၁၉၈၃ မှာကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ဇာတ်ကားတိုင်းမှာ ဘယ်ကမှန်းမသိတဲ့ရသတစ်မျိုးကို အရှိအတိုင်းခံစားနေတတ်အောင် အစွမ်းပြတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ နည်းစနစ်ဘောင်တွေကို ကျော်လွန်ပြီး ဆန်းသစ်တဲ့ရသတစ်မျိုးနဲ့တင်ပြတတ်သူပါ။
ဒီဇာတ်ကားမှာလဲ ထူးခြားမှုတစ်ခုကို ချပြထားပါတယ်…။ထူးခြားလွန်းလို့ လူတောင်အူကြောင်ကြောင်ဖြစ်ရပါတယ်။
တကယ်တော့ ကျွန်တော်တို့မှာ ကိုယ်ပိုင်ဇာတ်လမ်းတွေရှိကြမယ်။
တစ်ယောက်ရဲ့ဇာတ်လမ်းက တစ်ယောက်နဲ့လုံးဝမတူကြဘူး။ ဒီသဘောရှိရာမှာ ဇာတ်လမ်းတစ်ခုကို မျဉ်းတစ်ကြောင်းထဲက တင်ပြတာမျိုးက တခါတလေ ကိုယ့်ဘဝနဲ့မနီးစပ်လာတတ်ဘူးဆိုရင်အခုလို ခံစားချက်သက်သက်ဇာတ်ကားတွေက ခပ်မျှင်မျှင်လေး ရင်ဘတ်ချင်းနီးကပ်လာမယ်။ လုံးဝဆွဲငင်သွားတာမျိုးလဲ ဖြစ်နိုင်တာပဲ။
ကျွန်တော်ကတော့ ဒီဇာတ်ကားနဲ့ ရနံ့တချို့ရမိတယ်….ပြောင်းလဲမှု။
ဟုတ်တယ် …ကျွန်တော်တို့ မြစ်တစ်စင်းမှာရေနှစ်ခါချိုးလို့မရဘူး။
